မောင်အံ့ ( မဟာဝိဇ္ဇာ- ဘုံဘေ)၏ "ဗုဒ္ဓသာသနာတော် ၂၅၀ဝ ခရီး" ကျမ်းကြီးမှာ
စာမျက်နှာ ( ပတွဲ) ခြောက်ရာကျော်ရှိ၍ အင်္ဂလိပ်မြန်မာပါဠိကျမ်းပေါင်း (၃၀)
ကျော်ကို ကိုးကားရေးသားထားပါသည်။ ထိုကျမ်းကြီးတွင်
ဗုဒ္ဓသာသနာတော်ပြန့်ပွားပုံနှင့် ပတ်သက်၍ သာသနာပြုရာ ကာလဒေသတို့ကို
အတိအကျဖေါ်ပြထားသည်။
နိဒါန်း ( ကေ) တိဗက်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိပုံ ဖေါ်ပြချက်ကို ဤသို့ လေ့လာရသည်။
သာသနာနှစ် ဂိုဏ်း မှ သို့
၁၀ဝ၀-၁၁၀၂ မဟာယာန အိန္ဒိယ တိဗက်
အတွင်း တန္တရ၊ မန္တရ
ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲသောနှစ် ( ဘီစီ-၅၄၄) ကို ဗုဒ္ဓသာသနာတော် သက္ကရာဇ်အဖြစ်
စတင်ရေတွက်ရာ အစောဆုံး ခရစ်တော်ပွင့်တော်မူပြီး နှစ်ပေါင်း လေးရာကျော်
(၄၅၆=၁၀ဝ၀-၅၄၄)မှ အိန္ဒိယပြည်မှ တိဗက်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိသည်ဟု
ဆိုသည်။ သို့ရာတွင် သတိပြုရန်ရှိသေးသည်။ ယေရှုခေါ် ဇိဝကိရိတ ကို
ရဟန်ပြုပေးသည် ဆိုသောကြောင့် ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာ
သာသနာတော်မဟုတ်နိုင်။ တိဗက်ဒေသသား ငါးသိန်းကို ရဟန်းပြုပေးသည် ဆိုသော
ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်မဟုတ်၊ မဟာယန၊ တန္တရ၊
မန္တရဗုဒ္ဓဘာသာသာသနာ၊ အနော်ရထာမင်း မတိုင်မှီထွန်းကားခဲ့သော ပုဂံခေတ်
အရည်းကြီး သာသနာမျိုးသာလျှင်ဖြစ်နိုင်ချေစရာရှိလေသည်။ မညှာမတာဆိုရသော
မွန်ဘုန်းတော်ကြီးကျောင်းဟူသည် နတ်ဘုရားကျောင်းပင်ဖြစ်သည်။ BON ကို
မွန်ဟုလွဲမှားစွာ ဘာသာပြန်ဆိုထားခြင်းသာဖြစ်သည်။
နိဒါန်း ( ဂါ-ဂိ) သာသနာနှစ် (၁၂) ရာစု သာသနာပြန့်ပွားပုံဖေါ်ပြချက်။
" တိဗက်ပြည်သို့ ဗုဒ္ဓဘာသာသာသနာတော် စတင်ရောက်ရှိသည်။ ဘုရင်ကိုးကွယ်ခံရ၍
နိုင်ငံတော်ဘာသာဖြစ်ခဲ့သည်။ အရှင်သန္တရက္ခိတနှင့် ပဒုမသမ္ဘဝတို့က
စတင်သာသနာပြုခဲ့သဖြင့် တိဗက်လားမားဗုဒ္ဓဘာသာသည် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊
မွန်ဂိုလျှပြည် ဆိုဗီယက်နိုင်ငံများသို့ ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံတွက်
ပုပ္ပါးစော ရဟန်းမင်းက သုမုန္ဒရီမင်းဖြိုခွင်းကြွင်းသက္ကရာဇ် (၅၆၀) ကိုချေ၍
(၂) ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် (၂) ဟု စတင်ကာ ယနေ့ထက်တိုင် လက်ရှိမြန်မာ
သက္ကရာဇ်၏ အစဖြစ်လေသည်။"
အထက်ပါဖေါ်ပြချက်ကို တွက်ချက်ညှိနှိုင်းလျှဉ် အောက်ပါ သာသနာသက္ကရာဇ်တို့ကို သိရှိမှတ်သားနိုင်သည်။
မူလဗုဒ္ဓသာသနာတော် သက္ကရာဇ် - ၆၂၂
ထိုသက္ကရာဇ်ကိုဖြို၍ သုမုန္ဒရီ - +
တည်ထောင်သော သက္ကရာဇ် - ၅၆၀
---------
တိဗက်စတင်ရောက် သာသနာ - ၁၁၈၂ ( ဗုဒ္ဓသာသနာ ၁၂ ရာစု)
ပုပ္ပါးစောရဟန်းမင်းမြန်မာသက္ကရာဇ်
စတင်ပေါင်းသည့်နှစ်( ဝါ ) ရောက်ဆဲ +
မြန်မာ သက္ကရာဇ် - ၁၃၆၈
----------
ရောက်ဆဲဗုဒ္ဓသာသနာနှစ် ၂၅၅၀
မြန်မာ သက္ကရာဇ် ( ကောဇာသက္ကရာဇ်) စတင်ထူထောင်ချိန်နှင့် တိဗက်သို့
ဗုဒ္ဓသာသနာတော် ရောက်ချိန်တူသဖြင့် တိဗက်ပြည်သို့ ဗုဒ္ဓသာသနာတော် ရောက်သည်မှ
နှစ်ပေါင်း ( ၁၃၀ဝ) ကျော်မျှသာရှိသေးသည်။ ယေရှုပေါ်ထွန်းခဲ့သည်ကား နှစ်ပေါင်း
( ၂၀ဝ၀) ကျော်ပြီးဖြစ်သည်။ သို့ဖြစ်၍ တိဗက်ပြည်သို့
ဗုဒ္ဓဘာသာရောက်သည့်ကာလထက်နှစ်ပေါင်း ( ၆၃၈) ခန့်စော၍
ယေရှုပွင့်တော်မူခဲ့ကြောင်း ထင်ရှားလေပြီးဖြစ်သည်။ ( ၁၃၆၈+၆၃၈=၂၀ဝ၆) "ပါရမီပြည့်ဝသော်လည်း ပညာရှိသတိဖြစ်ခဲ" အခြေအနေတွင်ရှိနေကြသော ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ ဓမ္မာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းနိုင်ကြပါစေသော်ဝ်။
၂။ ရာဇဝင်ရှုဒေါင့်အထွေထွေ။
သမိုင်းဆရာကြီး အိခ်ျဂျေဝဲလ် က မိမိ၏ ကမ္ဘာ့သမိုင်းကျမ်းကြီးတွင်
ဗုဒ္ဓဘာသာသည် တိဗက်ပြည်သို့ အေဒီ ၆၅၀ ခန့်တွင်
စတင်ရောက်ရှိကြောင်းဖေါ်ပြထားသည်။ ရန်ကုန် သမိုင်း သုတေသနဋ္ဌာနမှ သိရှိချက်၊
တွေ့ရှိချက်ကား အေဒီ ၆၄၇ နှင့် အနီးစပ်ဆုံးဖြစ်သည်။
မြန်မာစွယ်စုံကျမ်းအတွဲ
(၄) စာမျက်နှာ (၄၅၅) တွင် ဤသို့ ဖေါ်ပြထားသည်။ တိဗက်ပြည်၏ ရှေးဦးသမိုင်းမှာ
မရေရာလှချေ။ သေချာရေရာသော သမိုင်းဖြစ်စဉ်မှာ တရုတ်ခရီးသည် တစ်စုသည်
လာရောက်လည်ပါတ်ခဲ့သည့်ခရစ်နှစ် ၆၅၀ ပြည့်နှစ်တွင်မှ အစပြုသည်ဟု ဆိုလေသည်။
၁၃ ရာစုနှစ်လောက်တွင်ကား မွန်ဂိုဘုရင် ဂျစ်ဂစ်ခန် ကသိမ်းပိုက်ယူခဲ့သည်။
သူ၏မြေးတော် ပထမ တရုတ်နိုင်ငံ၏ မွန်ဂိုဧကရာဇ် ကူဗလိုင်ခန်သည်
လားမားဝါဒီတစ်ဦးဖြစ်လာသည်။
တိဗက်ရဟန်းမင်း၊ ဒလိုင်းလားမား၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကျမ်း "Freedom
In Exile" တနေ့ရာတွင် ဗုဒ္ဓဘာသာသည် တိဗက်သို့ အေဒီ ၄၀ဝ )တွင်
ရောက်လာကြောင်းဖေါ်ပြချက်ရှိလေသည်။
ကမ္ဘာ့ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ခရစ္စမတ်ဟမ္ဖရီ၏ "Buddhism" စာအုပ်တွင် ဤသို့ဖေါ်ပြထားသည်။
အေဒီ ( ၇ ) ရာစု မတိုင်မီတိဗက်၏ တစ်ခုတည်းသော ဘာသာတရားမှာ ဘွန်းဖြစ်သည်။
အထင်ရှားဆုံးခေါင်းဆောင်မှာ " ရှာမန်" ဖြစ်သည်။ စိတ်တန်ခိုးဖြင့်
မိုးလေဝသမှန်အောင် ဖန်တီးပေးနိုင်သည်ဟုဆိုသည်။ ဘွန်းဘာသာသည် သဘာဝတရားကို
ကိုးကွယ်ခြင်းဖြစ်သည်။ ဘုမ္မစိုး၊ အာကာသစိုးနတ်မင်းများကို ကိုးကွယ်သည်။
အေဒီ ( ၅ ) ရာစုတွင် ဗုဒ္ဓစာပေသည် အိန္ဒိယမှ တိဗက်သို့ ရောက်လာသည်။
သို့ရာတွင် စည်ပင်ပြန့်ပွားလေးစားမှုမခံရပေ။ ဆရန်းဆင်းဂမ္ပို ဘုရင်လက်ထက်
အေဒီ ( ၇ ) ရာစုတွင် ဗုဒ္ဓဘာသာဝင် တရုတ်မင်းသမီးနှင့် နီပေါမင်းသမီးတို့ကို
မိဖုရားမြောက်ခဲ့သည်။ ထိုမှ ကျောင်းကန်ဘုရားများကို
ဆောက်၍ကိုးကွယ်စေခဲ့သည်။
တိဗက်ဗုဒ္ဓဘာသာကို တန္တရ ဗုဒ္ဓဘာသာ ဟု သမုတ်သည်။ တန္တရတွင် ကဏ္ဍ ( ၃ ) ခုရှိသည်။
မုဒြ = ခန္ဓာကိုယ်အနေအထားဣရိယာပုတ်။
မန္တရ = ဂါထာမန်းမှုတ်ခြင်း။
ယန္တရ = ကသိုဏ်းကွက်များ၊ ပုံဆောင်ပုံတော်များ။
၃။ဗုဒ္ဓဝင်အရလည်း ယုတ္တိဗေဒမကျ။
တိဗက်ပြည်သို့ဗုဒ္ဓဘာသာသာ ရောက်သည်မှာ ယေရှုခရစ်မပေါ်ထွန်းမှီ ဗုဒ္ဓသာသာနာနှစ်
( ၂၃၅ ) ၊ အာသောကမင်းလက်ထက်၊ တတိယသင်္ဂါယနာတင်ပွဲတော်အပြီးတွင် ကိုးတိုင်း
ကိုးဋ္ဌာနသို့ သာသနာပြုပုဂ္ဂိုလ်များစေလွတ်ခဲ့သည်။ ကိုးတိုင်းကိုးဋ္ဌာနတွင်း
"စိန့်တိုင်း" ပါဝင်။ စိန့်တိုင်းဟူသည် ပါဠိဘာသာအားဖြင့် "စိနရဋ္ဌ"ဖြစ်သည်။
အင်္ဂလိပ်လို အသံထွက်အားဖြင့် ဃ့ငညေ ( တရုတ်) ဖြစ်သည်။ စိန့်တိုင်းသာသနာ့
ခရီးစဉ်နှင့် ပါတ်သက်၍ မှန်နန်းရာဇဝင်တော်ကြီး ပထမတွဲ၊ စာမျက်နှာ ( ၁၄၇ )
တွင်ဤသို့ဖေါ်ပြထားသည်။
မြန်မာသက္ကရာဇ် ( ကောဇာ) စတင်ထူထောင်ချိန်နှင့် တိဗက်သို့ ဗုဒ္ဓသာသနာတော်
ရောက်သည်မှာ နှစ်ပေါင်း ( ၁၃၀ဝ ) ကျော်မျှ သာရှိသေးသည်။
ယေရှုပေါ်ထွန်းခဲ့သည်ကား နှစ်ပေါင်း ( ၂၀ဝ၀ ) ကျော်ပြီဖြစ်သည်။ သို့ဖြစ်၍
တိဗက်သို့ ဗုဒ္ဓသာသနာရောက်သည့်ကာလထက် နှစ်ပေါင်း ( ၆၃၈ ) ခန့်စော၍
ယေရှုပွင့်တော်မူခဲ့ကြောင်းထင်ရှားပေပြီ ( ၁၃၆၉ + ၆၃၈= ၂၀ဝ၆ ) ။
"မဇ္ဇျိမထေရ်မူကား ကဿပဂေါတ္တထေရ်၊ နာဠကဒေဝထေရ်၊ ဒုန္ဒိုဘိယထေရ်၊
မဟာရေဝထေရ်တို့နှင့်တကွ ဟိမဝန္တာအနီးဖြစ်သော အရပ်သို့ သွားတော်မူ၍
ဓမ္မစက္ကပဝတ္တနသုတ္တဒေသနာဖြင့် ထိုအရပ်သားတို့ကို ကြည်လင်စေ၍
ကုဋေရှစ်ဆယ်မျှလောက်သော သူတို့ကို မဂ်ဖိုလ်တည်းဟူသော တရားရတနာကို
ရစေတော်မူ၏။ ဤသို့လျှင် မဇ္ဈိမထေရ်အမှူးရှိသော ငါးပါးသောမထေရ်တို့သည်
ဟိမဝန္တာအနီးဖြစ်သော အရပ်၌ ငါးပြည်ထောင်သားတို့၏ကြည်ညို ခြင်းကိုဖြစ်စေ၍
တပါးတပါးသော မထေရ်ထံ၌ တသိန်း တသိန်းမျှလောက်သော သူတို့သည် ရဟန်းပြုကြလေ၏။
ဟိမဝန္တာအနီးဖြစ်သော ငါးပြည်ထောင်ဟူသည်ကား စိန့်တိုင်း ( တရုတ်)
ငါးရပ်တို့ကို ဆိုလိုသတည်း။ စိန့်တိုင်း ငါးရပ်တို့တွင် တိဗက်ပါဝင်သည်။
သို့ဖြစ်၍ ကိုးတိုင်း ကိုးဋ္ဌာန သာသနာခရီးစဉ်တွင် တိဗက်ပါဝင်ကြောင်း
အငြင်းပွားဖွယ်မရှိပေ။ သာသနာပြုလုပ်ငန်းအောင်မြင်မှုအတွက်လည်း ဂုဏ်ယူဝင့်ကြွား သဒ္ဓါပွားရန်ကောင်းလှပေ၏။ ယုံကြည်သူတို့အတွက် ယုံကြည်သဒ္ဓါတရားပွားရန်ကောင်းလှသော်လည်း ထိုအောင်မြင်မှုကို အထောက်အထား အကိုးအကားပြု၍ အခြားသာသနာကို နှိမ့်ချခြင်းပြုလျှင်ကား သုတေသနအဆင့်ဖြင့် ဝေဖန်
( ဝိဘိဇ္ဇာအမှု) ပြုရန်လိုအပ်သည်။ ပြုရပေလိမ့်မည်။
သိလိုရေး စေတနာသက်သက်ဖြင့် သက်ညှာ ညှာဖြင့် မေးစရာကား--
လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ၊ ခြောက်နှစ်တာ ဒုက္ခရစရိယာဖြင့် ရှာဖွေခဲ့ရသော အလွန်တရာ
နက်နဲသည့် သစ္စာလေးပါးမြတ်တရားကို တိဗက်ပြည်သားတို့အား
မည့်သည့်ဘာသာစကားဖြင့် ဟောကြားခဲ့ပါသလဲ? ပဠိဘာသာဖြင့်လား? တိဗက်ဘာသာဖြင့်လား? သက္ကတ ဘာသာဖြင့်လော?
သာသနာပြု မထေရ်ငါးပါးတို့က ငါးသိန်းမျှလောက်သော တိဗက်ပြည်သားတို့ကို ရဟန်းဘောင်သို့ မည်ကဲ့သို့ သွင်းနိုင်မည်နည်း? ဘုံရဟန်းခံပွဲဟူသည်ရှိသလော? ရဟန်းငါးသိန်းကို ပစ္စည်းလေးပါး ထောက်ပံ့နိုင်လောက်အောင် တိဗက်ပြည်၏ စီးပွားရေး ခိုင်ခံ့ပါသလော?
သာသနာနှစ်
( ၂၃၅ ) ( ဘီစီ ၃ ရာစု ) တွင် တိဗက်၊ ခိုတန်၊ ဘူတန်၊ ဆစ်ကင်း၊ တရုတ်
ပါဝင်သော ဟိမဝန္တာအနီးဖြစ်သော အရပ်၌ လူဦးရေ ကုဋေရှစ်ဆယ် ( သန်း ၈၀ဝ )
ရှိသလော?
အေဒီ ၂၀ ရာစု၊ နှစ်ပေါင်း ( ၂၀ဝ၀ ) ကျော်ကြာသောအခါ မော်စီတုန်းလက်ထက်တွင်မှ တရုတ်လူဦးရေသန်း ( ၈၀ဝ ) ရှိကြောင်း စာနယ်ဇင်းများတွင် ဖတ်ရှုရသည်။ ရေဒီယို သတင်းများတွင် နားထောင်ရပါသည်။
၎။ သုတေသန စာပေရှုဒေါင့်။
ဒေါက်တာမြင့်မောင်ရေးသားသော "ဗုဒ္ဓဝါဒပြဿနာများစာအုပ်မှ တွေ့ရှိရသော
ဘိက္ခူအရှင် အရိယဓမ္မ၏ ခရစ်ယာန်ဘာသာအယူအဆအား ဝေဖန်ချက်" စာအုပ်မှ
သိမှတ်ဖွယ်ရာ အချို့ကို တင်ပြအပ်ပါသည်။
ပါမောက္ခဂိုရစ်၏ "တိမ်မြုပ်နေသော ခရစ်တော်၏ ဟောပြောချက်များ ( Unknown Teaching of Christ ) စာအုပ်ကိစ္စ။
အရှင်အရိယဓမ္မ၏ ဖေါ်ပြချက်အရ ကျမ်းပြုသူများ အမေရိကတိုက် ချီကာဂိုမြို့၊
ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခဂိုးရစ်ဖြစ်သည်။ စာမျက်နှာ
(၆၀ဝ ) ကျော်ရှိသည်။ ၁၉၂၅ တွင် ပုံနှိပ်ထုတ်ဝေသည်။ သို့ရာတွင် မည်သူပုံနှိပ်သည်။ မည်သည့်အရပ်တွင် ပုံနှိပ်သည်။ ပုံနှိပ့်သည့်အကြိမ်... စသော အချက်အလက်များ မပြောသဖြင့် ထိုစာအုပ်ရှာရန်မဖြစ်နိုင်ပေ။ တကယ်ရှိ၊ မရှိလည်း မသိနိုင်ပေ။
ပျောက်ဆုံးသော ( ၁၈ ) နှစ်တာကာလနှင့် ပါတ်သက်၍ နောက်ဆုံးထုတ်ဝေသော စာအုပ် ( ၃) အုပ်ရှိသည်။ ထိုစာအုပ်များမှာ-
Elizaberth Clare Prophet: The Lost years of Jesus ( 1984)
Holgar Kersten: Jesus lived in India ( 1995)
Elmar R Geruber and Holgar Kersten: The Original Jesus ( 1995)
တို့ဖြစ်ကြသည်။
နောက်မှ ထွက်ပေါ်သော ဤစာအုပ်များတွင် ပါမောက္ခဂိုးရစ်ဟူသော အမည်ကို
၎င်းထိုသူ၏ အဓိကတင်ပြချက်များကို ၄င်းဖေါ်ပြကိုးကားခြင်းမရှိပေ။
ဒေါက်တာမြင့်မောင်က အရှင်အရိယဓမ္မ၏ ခရစ်ယာန်ဘာသာ အယူအဆအား ဝေဖန်ချက်ကို ဤသို့နိုဂုံးချုပ်ထားသည်။
"
အရှင်အရိယဓမ္မကိုးကားသော ထိုစာအုပ်အား ကျွန်တော်မကြားဘူးပေ၊
ကျွန်တော်စာကြည့်တိုက်တွင်ရှိသော စာအုပ်များတွင် ကိုးကားထားသည်ကိုလည်း
မတွေ့ရပေ။ မိမိဆိုသည့်စကားအား အကြွင်းမဲ့ ယုံကြည်မှုတောင်းဆိုခြင်း၊
သို့မဟုတ် အခြေအမြစ်မရှိသော စာပေအား ရှာဖွေခိုင်းခြင်းနှင့်တူလှပေသည်"
မည်သို့ပင်ဖြစ်စေ အရိယဓမ္မ၏ တိဗက်ခရီးစဉ် ဟောပြောချက်ကတော့ ကြီးမားသော
အရှိန်ရိုက်ခတ်မှုဖြစ်ပေါ်စေခဲ့သည်ကား အမှန်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်များအား လွှဲမှားသော အဓမ္မပီတိခံစားစေခဲ့သည်။ ခရစ်ယာန်ဘာသာဝင်အချို့ကိုလည်း
ဓမ္မသံသယ တွေဝေစေကာ၊ နာကျည်းမှုဖြစ်ပေါ်စေခဲ့သည်။
တုန့်ပြန်ဖြေရှင်းခွင့်မရနိုင်တော့သော တနည်းအားဖြင့်
ဖြေဆေးသုံးခွင့်မရသေးသော ကလောင်အဆိပ်သင့်မှုခံစားနေကြရဆဲဖြစ်သည်။ ဤဝေဒနာနှစ်ပါးစလုံးကို ခံစားဘူးသော ဤစာတမ်းရှင်သည် ဝေဒနာနှစ်ရပ်ပြေငြိမ်းစေလိုကြောင်း ဆန္ဒဖြင့် ရေးသားတင်ပြအပ်ပါကြောင်း။
No comments:
Post a Comment